ရုရှားက အီရန်လေတပ်ကို MiG-29 တိုက်လေယာဥ် ပေးပို့

နိုင်ငံတကာ

စက်တင်ဘာ ၂ရ၊ ၂၀၂၅

အီရန်နှင့် အစ္စရေးတို့ကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် ၁၂-ရက်တာ ပဋိပက္ခ၏ တင်းမာမှုများ ဆက်ရှိနေချိန်တွင် ရုရှားနိုင်ငံမှ MiG-29 တိုက်လေယာဉ်များ အီရန်သို့ ရောက်ရှိလာခဲ့ကြောင်း အီရန်လွှတ်တော် အမတ်တစ်ဦးက အင်္ဂါနေ့က ကြေညာခဲ့သည်။

အမျိုးသား လုံခြုံရေး ကော်မတီဝင် အဗ္ဗဒူးလ်ဖဇ်လ် ဇိုရီဗန်ဒ်က MiG-29 လေယာဉ်များသည် ပိုမိုခေတ်မီသည့် ရုရှားထုတ် Sukhoi Su-35 လေယာဉ်များ ရောက်ရှိလာသည့်အချိန်အထိ နိုင်ငံ၏ အိုမင်းရင့်ရော်နေသော လေတပ်၏ စွမ်းရည်ကို ယာယီမြှင့်တင်ပေးမည့် “ရေတိုဖြေရှင်းချက်” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇိုရီဗန်ဒ်က “ဒီစနစ်တွေ ပြည့်စုံစွာ အသက်ဝင်လာရင် ကျွန်တော်တို့ရဲ့ ရန်သူတွေဟာ ကျွန် တော်တို့ရဲ့ စွမ်းအားကို နားလည်လာကြလိမ့်မယ်” ဟု ပြောကြားကာ၊ ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက စောင့်ကြည့်နေချိန်တွင် ၎င်း၏စစ်အားကို ပြသရန် တီဟီရန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့သည်။

ဇိုရီဗန်ဒ်၏ ပြောကြားချက်အရ MiG-29 လေယာဉ်များသည် အီရန်နိုင်ငံ၊ ရှီရက်ဇ်မြို့တွင် တပ်စွဲထားပြီး Sukhoi Su-35 လေယာဉ်များလည်း ဆက်လက်ရောက်ရှိလာဖို့ရှိနေသည်ဟုဆိုသည်။

ထို့အပြင် တရုတ်ထုတ် HQ-9 လေကြောင်းကွယ်လျှို့စနစ်နှင့် ရုရှား၏ S-400 စနစ်များကိုလည်း “အရေအတွက်များစွာ” မှာယူထားသည်ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့ရာတွင် ဤလေယာဉ်များ ပေးပို့မှုနှင့်ပတ်သက်၍ မော်စကိုအစိုးရဘက်မှ တရားဝင်အတည်ပြုချက် မရှိသေးပေ။

အီရန်သည် ၎င်း၏လေတပ်ကို ခေတ်မီအောင် အဆင့်မြင့်တင်နိုင်ရန် ကြာမြင့်စွာ ရုန်းကန်ခဲ့ရသည်။ လက်ရှိလေတပ်တွင် ၁၉၇၉ ခုနှစ် တော်လှန်ရေးမတိုင်မီ ဝယ်ယူခဲ့သော အမေရိကန်ထုတ် လေယာဉ်များကို အဓိကအားထားနေရဆဲဖြစ်ပြီး၊ ရုရှားထုတ် လေယာဉ်အနည်းငယ်နှင့် ပြည်တွင်းမှပြုပြင်မွမ်းမံထားသော လေယာဉ်များသာ အသုံးပြု‌နေရသည်။

ယခုနှစ်အစောပိုင်းက အစ္စရေး၏ လေ‌ကြောင်းတိုက်ခိုက်မှုများတွင် အီရန်က ၂၀၁၆ ခုနှစ်က ရရှိခဲ့သည့် S-300 လေကြောင်းကွယ်လျှို့စနစ်များ ပျက်စီးခဲ့ရပြီး နိုင်ငံ၏ကာကွယ်ရေးစနစ်တွင် အားနည်းချက်များ ပေါ်လွင်ခဲ့သည်။

လက်ရှိ အီရန်၏ လုပ်ငန်းစဉ်သည် အနာဂတ်တွင် ခေတ်မီတိုက်လေယာဉ်များနှင့် လေကြောင်းကွယ်လျှို့စနစ်များ ဆက်လက်ရောက်ရှိလာမည်ကို ညွှန်းဆိုနေပြီး၊ အီရန်၏ စစ်အားနည်းချက်များကို ပယ်ဖျက်ကာ ၎င်း၏လေကြောင်းစွမ်းအားကို မြှင့်တင်ရန် ရည်ရွယ်နေကြောင်း ဖော်ပြနေသည်။

ဤမွမ်းမံမှုများသည် အစ္စရေး၏ စစ်ဆင်ရေးအစီအစဉ်များကို ပိုမိုရှုပ်ထွေးစေပြီး အမေရိကန်၏ အရှေ့အလယ်ပိုင်းရှိ ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လာနိုင်ကာ ဒေသတွင်း စွမ်းအားချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်သည်။