မန္တလေးမှာ တရားမဝင် ထိုင်းသုံးလုံးထီ ( ချဲဂဏန်း) ကို ပေါက်မဲအဖြစ် သတ်မှတ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းကာ မဲဖောက် ရောင်းချနေတဲ့ ချမ်းအေးသာစံမြို့နယ်က အမျိုးသားတစ်ဦးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးလိုက်တယ် လို့သိရပါတယ်။
ဖမ်းဆီးခံရသူမှာ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ” ရွှေဘုန်း Automobile Channel 1 ” နာမည်နဲ့ ကားမဲလက်မှတ်တွေကို ရောင်းချပြီး ပေါက်မဲကို ဒီလ ၁၆ ရက်နေ့ ထိုင်းချဲဂဏန်း အဖြစ် သတ်မှတ်ကာ ကားနှစ်စီး ကိုမဲဖောက်ဖို့ ကြေငြာထား တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Automobile Channel ပိုင်ရှင်ဖြစ်သူ ကိုနေမျိုးထက် ဆိုသူမှာ ကားအမျိုးအစားအလိုက် မဲတမဲကို သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် နဲ့ နှစ်သိန်းတသောင်း ငါးထောင်ကျပ် ရောင်းချနေတာ ဖြစ်တဲ့အတွက် လောင်းကစားဥပဒေပုဒ်မ ၁၈(က) နဲ့ ချမ်းအေးသာစံ အမှတ် (၃) နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ်။