ကချင်ပြည်နယ်
အောက်တိုဘာလ၊ ၂၉ ရက်၊ ၂၀၂၅
ကချင်ပြည်နယ်အတွင်း ရှိအချို့မြို့နယ်များတွင် Mytel အင်တာနက်လိုင်း ပြန်လည်ရရှိလာပြီးနာက် အဆိုပါမြို့နယ်များတွင် Mytel Sim Card များ၏ ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာကြောင်း ဒေသခံဈေးကွက် အခြေအနေများအရ သိရသည်။
လက်ရှိ Mytel အင်တာနက်လိုင်း ပြန်လည်ရရှိလာသည့်မြို့နယ်များမှာ မြစ်ကြီးနား၊ မိုးညှင်းနှင့် ပူတာအိုမြို့နယ်တို့ ဖြစ်ပြီး ယခင်က တစ်ကတ်လျှင် ၇၀၀၀ ခန့်သာရှိခဲ့သည့် Mytel Sim Card သည် လက်ရှိအချိန်တွင် တစ်ကတ်လျှင် ကျပ် ၁၅,၀၀၀ မှ ၂,၀၀၀၀ အထိ ပေးဝယ်ယူနေရကြောင်း မြို့ခံများက ပြောသည်။
Mytel အင်တာနက်လိုင်းများပြန်လည်ရရှိလာသော်လည်း Telegram တစ်ခုတည်းကိုသာ VPN မလိုဘဲ သုံးစွဲနိုင်ပြီး၊ အခြားသော လူမှုကွန်ရက်အပလီကေးရှင်းများဖြစ်သည့် Facebook၊ Youtube၊ Tiktok၊ Signal စသည့် App တော်တော်များများကိုမူ လစဉ်ကြေးပေးဆောင်ရသည့် VPN များဖြင့်သာ အသုံးပြု နေရသည်ဟု ဒေသခံများကဆိုသည်။
ကချင်ပြည်နယ်တစ်ခုလုံးတွင် ဖုန်းအင်တာနက်လိုင်းများကို ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက စတင်ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ရွေးကောက်ပွဲ နီးကပ်လာ၍ အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံအချို့ကသုံးသပ်သည်။