ကရင်မလင်က နျူကလီးယားစွမ်းအင်သုံး ဒုံးပျံ စမ်းသပ်မှုသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထင်ဟပ်သည်ဟု ပြောကြား

နိုင်ငံတကာ

အောက်တိုဘာ၊ ၂၈ ရက်၊ ၂၀၂၅

​ရုရှားနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် မတားဆီးနိုင်ဟု အခိုင်အမာဆိုထားသည့် နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းသည် ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ရန် ရုရှား၏ ဆုံးဖြတ်ချက်ကို ထင်ဟပ်‌ နေကြောင်း ကရင်မလင်နန်းတော် (Kremlin) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက ယူကရိန်းကျူးကျော်မှုကို အဆုံးသတ်ရန်အတွက် သမ္မတ ဗလာဒီမာ ပူတင်အပေါ် ဖိအားပေးမှုများ တိုးမြှင့်လာပြီးနောက် ဤစမ်းသပ်မှုသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

​ရုရှားနိုင်ငံသည် ၎င်း၏ “Burevestnik” ဒုံးပျံ ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၄,၀၀၀ (ခန့်မှန်းခြေ မိုင် ၈,၇၀၀) အကွာအဝေးကို ပျံသန်းနိုင်ခဲ့ကြောင်း ရုရှားစစ်ဦးစီးချုပ်က သမ္မတ ပူတင်အား တနင်္ဂနွေနေ့တွင် အစီရင်ခံတင်ပြခဲ့သည်။

အမေရိကန်က ရုရှား၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအပေါ် ပြင်းထန်သော ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် ပြင်ဆင်ပြီး ဥရောပနိုင်ငံများက ယူကရိန်းကို စစ်ရေးအကူအညီများ ထပ်မံပေးအပ်ရန် ကတိပြုပြီးနောက် ဤဒုံးပျံစမ်းသပ်မှုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

​အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ဒုံးပျံစမ်းသပ်မှုနှင့်ပတ်သက်၍ သမ္မတပူတင်၏ ပြောဆိုချက်များသည် “မသင့်လျော်” ကြောင်း ပြောကြားခဲ့သည်။

​”စစ်ပွဲကို အဆုံးသတ်ဖို့ လိုပါတယ်။ တစ်ပတ်အတွင်း ပြီးသင့်တဲ့စစ်ပွဲက မကြာခင်မှာပဲ လေးနှစ်ထဲ ရောက်လာတော့မယ်” ဟု ထရမ့်က မှတ်ချက်ပေးပြီး ဒုံးပျံစမ်းသပ်မည့်အစား စစ်ပွဲအဆုံးသတ်ရေးကိုသာ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

​ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) က သမ္မတ ထရမ့်၏ သဘောထားပြောင်းလဲမှုကို ဝေဖန်ခဲ့သည်။ ဩဂုတ်လက အလက်စကာ (Alaska) တွင် သမ္မတပူတင်နှင့် တွေ့ဆုံစဉ်က ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုချင်ကြောင်း ပြောခဲ့သော်လည်း ယခုအခါ ၎င်း၏ သဘောထားပြောင်းလဲကာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလာသည်ဟု လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။

​

​သမ္မတ ထရမ့်၏ ပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်သည် နိုဝင်ဘာ ၂၁ ရက်တွင် အကျိုးသက်ရောက်နိုင်ခြင်းကြောင့် အခြေအနေ ပိုမိုတင်းမာလာစေသည်။

​ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့ဗ်သည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟွီ (Choe Son Hui) ကို မော်စကို၌ လက်ခံတွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားသည် ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ထောက်ခံရန် ထောင်နှင့်ချီသော တပ်ဖွဲ့များ၊ အမြောက်များနှင့် ဒုံးကျည်များကို ပေးပို့ခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီး (Volodymyr Zelenskyy) ကလည်း ပြင်သစ် နိုင်ငံသည် ထပ်ဆောင်း Mirage တိုက်လေယာဉ်များ နှင့် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ပေးအပ်မည်ဖြစ်ပြီး၊ ယူနိုက်တက်ကင်းဒမ်း (UK) သည် ဒုံးကျည်များ ပံ့ပိုးပေးမည့်အပြင် မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်များ (interceptor drones) ထုတ်လုပ်ရာတွင်လည်း ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် နိုင်ငံ၏ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ရှေ့တန်းစစ်မျက်နှာတွင် အင်အားကြီးမားသော ရုရှားစစ်တပ်ကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

​ပိုကရော့ဗ်စခ် (Pokrovsk) ၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေပြီး ရုရှားတပ်ဖွဲ့များက ရပ်ကွက်များစွာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ယူကရိန်း၏ ၇ ကြိမ်မြောက် အရေးပေါ်တုံ့ပြန်တပ်ဖွဲ့ (7th Rapid Reaction Corps) က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

​ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ရုရှားပိုင်နက်များပေါ်မှ ယူကရိန်းဒရုန်း ၁၉၃ စင်း ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး မော်စကိုမြို့သို့ ဦးတည်လာသော ဒရုန်း ၃၄ စင်း လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် မော်စကိုမြို့တော်တွင် ထိခိုက်ပျက်စီးမှု သို့မဟုတ် လူအသေအပျောက်မရှိဟု ဆိုသည်။

မော်စကိုလေဆိပ်နှစ်ခုဖြစ်သည့် Domodedovo နှင့် Zhukovsky တို့သည် တိုက်ခိုက်မှုကြောင့် ညတွင်းချင်း ခေတ္တပိတ်ခဲ့ရပြီး အခြားရုရှားဒေသရှိ လေဆိပ်များတွင်လည်း ကန့်သတ်ချက်များ ဖြစ်ပေါ်ခဲ့သည်။

​ယူကရိန်းလေတပ်ကမူ ရုရှားသည် ညတွင်းချင်း Shahed ဒရုန်း နှင့် လှည့်ဖြားဒရုန်း ၁၀၀ စင်း ပစ်ခတ်ခဲ့ပြီး ၂၆ စင်း သာ ပစ်မှတ်သို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ချက်ချင်းဆိုသလို ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးမှု သတင်းများ မရရှိသေးပေ။

​ယူကရိန်းပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီ DTEK က ကိယက်ဗ် (Kyiv) မြို့၊ ပတ်ဝန်းကျင်ဒေသနှင့် Dnipropertrovsk ဒေသတို့တွင် အရေးပေါ်လျှပ်စစ်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

Ref;AP